Harold and Kumar Go To White Castle (2004) [UNRATED Version]
Harold ဆိုတာက ရိုးကုတ်ပြီး အလုပ်ကြိုးစားတဲ့ ကုမ္ပဏီဝန်ထမ်း အာရှသား ကိုးရီးယားလူမျိုးလေးရဲ့ နာမည်။ Kumar ဆိုတာက သောက်ရမ်းဥာဏ်ကောင်းပြီး ဆေးကျောင်းဝင်ခွင့်ဖြေမယ်ဆို ကြိုက်တဲ့နေရာမှာ ကြိုက်သလိုဖြေရင်တောင် ဝင်ခွင့်အောင်ပေမယ့် အဖေဖြစ်သူကို ကြည့်မရလို့ ဘိန်းရှူဖာချနဲ့ ပေါက်လွှတ်ပဲစားနေပြီး အရွဲ့တိုက်နေတဲ့ အိန္ဒိယလူမျိုးလေးရဲ့ နာမည်။ White Castle ဆိုတာကတော့ အမေရိကန်ရဲ့ ပြည်နယ် ၁၃ ခုမှာ ဆိုင်ခွဲပေါင်း ၃၇၇လုံးဖွင့်ထားတဲ့ လေးထောင့်ပုံ ဘာဂါအသေးလေးတွေရောင်းတဲ့ ဟမ်ဘာဂါဆိုင်ရဲ့နာမည်။ ဒီဇာတ်ကားလေးကတော့ ဟာရိုးနဲ့ ကူမာဆိုတဲ့ အခန်းပေါင်းငှားပြီးနေကြတဲ့ ငယ်ကျိုးငယ်နာသူငယ်ချင်းနှစ်ယောက် အလုပ်ပိတ်တဲ့ သောကြာညနေခင်းတစ်ခုမှာ ပျင်းရိလေးတွဲ့နေကြရင်းမှ မစားရတာကြာတဲ့ ဝှိုက်ကာစတယ်ဆိုင်က ဘာဂါကိုသွားစားချင်ပါတယ် ဆိုပြီး အာသီသပြင်းပျနေကြရာကနေမှ ဇာတ်လမ်းစပါတယ်။ ဒါပေမယ့် မစားရတာကြာပြီဆိုတဲ့အတိုင်း တကယ်တမ်းစားဖို့လည်းသွားရော ဆိုင်ပြောင်းသွားလို့ နောက်ထပ်ဆိုင်တစ်ဆိုင်ရှိတဲ့နေရာကို လိုက်ရှာရင်းကနေ ကားလည်းပျက်ရ၊ ပျောက်ရ၊ ရဲစခန်းရောက်ရ၊ တိရစ္ဆာန်ဥယျာဉ်ကနေ လွတ်ပြေးလာတဲ့ကျားသစ်နဲ့လည်း ထိပ်တိုက်တိုးရ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရနဲ့ ဘာဂါတစ်ကိုက်စားရဖို့အရေး စွန့်စားခန်းကြီး ဖွင့်ရပါတော့တယ်။ ဟာသဇာတ်ကားဖြစ်တဲ့အတိုင်း တစ်ကားလုံး တဝါးဝါးတဟားဟားနဲ့ ရယ်နေရမယ်ဆိုတာကတော့ ပူစရာတောင်မလိုပါဘူး။ ဒီဇာတ်ကားက ဟာရိုးနဲ့ကူမာရဲ့ ပထမဆုံးကားလည်းဖြစ်သလို သေးထွက်မတတ်ရယ်ရတဲ့ကားလည်းဖြစ်တာမို့ မကြည့်ခင် သေးတွေတော့ ပေါက်ထားဖို့လိုပါလိမ့်မယ်။ Hangover လိုမျိုး ဇာတ်ကားတွေကြိုက်တယ်ဆိုတဲ့လူတွေအတွက်တော့ တစ်ကားလုံး အလွဲတွေနဲ့ ဒီကားကိုလည်း ကြိုက်ကြမှာပါ။ သြော် …. ပြီးတော့ အပေါ်မှာ လေးထောင့်ကွင်းလေးနဲ့ UNRATED ဆိုတာက ပေါက်စီဘာညာတွေကို ကွက်ကွက်ကွင်းကွင်း ပြထားတဲ့အခန်းတွေပါတယ်လို့ ဆိုလိုတာနော်။ (ဒါလည်း ကြိုပြောထားရသေးတာကိုး)
Leave a Reply