ငယ်ငယ်က တီဗီထဲက ထွက်လာတဲ့ သရဲမကား၊ ဒါမှမဟုတ် ရေတွင်းထဲက ထွက်လာတဲ့
သရဲမကားကို ရုပ်ရှင်ချစ်သူတွေ သိကြမယ်ထင်ပါတယ်။
ဒီသရဲကားကို စတင်သိခဲ့ရတာကတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Ring” ဆိုတဲ့
အမေရိကန်ဇာတ်ကားဖြစ်ပေမဲ့ သူ့ရဲ့မူလအခြေခံကတော့ Ring ဆိုတဲ့ ဂျပန်စာအုပ်နဲ့ Ring ဆိုတဲ့
အမည်နဲ့ပဲ ထွက်တဲ့ ဂျပန်သရဲကားတို့ပဲ ဖြစ်ပါတယ်။
ဂျပန်ကဇာတ်ကားကို မကြည့်ဖူးပေမဲ့ အမေရိကန်က ပြန်ရိုက်တဲ့ The Ring ကတော့
သရဲကားတွေထဲမှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။
အဲဒီကားရဲ့အဆက် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring Two ကလည်း ပထမဆုံးကားရဲ့စံချိန်ကို
မမီပေမဲ့ ကြည့်လို့ကောင်းဆဲပါပဲ။
ဒီလိုမျိုး သရဲကားကောင်းကောင်းမျိုးဆို ကြည့်ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဟောလိဝုဒ်က
တတိယမြောက် Rings ကားကို ဆယ်နှစ်ကျော် အကြာမှာ ရိုက်ကူးပြီး တီဗီထဲကသရဲမကို
ပရိသတ်တွေနဲ့ ထပ်မံတွေ့ဆုံစေလိုက်ပါတယ်။
ဒီဇာတ်ကားတွေမှာ အဓိကကျတဲ့အရာတစ်ခုကို ပြောရမယ်ဆို ကျိန်စာသင့်နေတဲ့ ဗီဒီယိုတိပ်ခွေပါပဲ။
စိတ်အနှောင့်အယှက်ဖြစ်စရာ ပုံရိပ်တွေနဲ့ တစ်ခုနဲ့တစ်ခု အဆက်အစပ်မရှိတဲ့ အရာတွေ ပါဝင်တဲ့
အဲဒီဗီဒီယိုအခွေကို ကြည့်လိုက်တဲ့သူတိုင်း ကြည့်လို့အပြီးမှာ ကိုယ့်အနီးနားက ဖုန်းမြည်လာပြီး
ဖုန်းထဲမှာ ကောင်မလေးအသံနဲ့ “Seven Days” လို့ ပြောတာကို ကြားရမှာပါ။
ဗီဒီယိုစကြည့်တဲ့အချိန်ရဲ့ နောက်ခုနစ်ရက်ကြာရင်တော့ အဲဒီလူကို တီဗီထဲကသရဲမ Samara က
လာသတ်မှာပါပဲ။
ဒီအကြောင်းအရာကိုတော့ သူ့ရှေ့က တစ်ကားကားကို ကြည့်ပြီးသူတိုင်း သိနေမှာပါ။
အခု တတိယမြောက်ဇာတ်ကားကလည်း အဲဒီဗီဒီယိုအခွေနဲ့ စတာပါပဲ။
ဇာတ်လမ်းအစကတော့ လေယာဉ်ပေါ်မှာ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို
အဲဒီဗီဒီယိုအခွေအကြောင်းကို ပြောပြရင်း ဒီနေ့က သူအဲဒီအခွေကိုကြည့်တာ ခုနစ်ရက်ပြည့်တဲ့နေ့လို့
ပြောရင်းပဲ ကောင်လေးရဲ့နှာခေါင်းထဲက သွေးတွေ ထွက်လာပါတယ်။
ကောင်လေးက အိမ်သာကိုပြေးသွားပြီ သူနဲ့စကားပြောနေတဲ့ ကောင်မလေးက သူ့ဘေးက
သူငယ်ချင်းကောင်မလေးကို အဲဒီကောင်လေးနဲ့ပြောဖြစ်တဲ့ ဗီဒီယိုအခွေအကြောင်းကို
ပြောပြလိုက်ရင်ပဲ သူ့သူငယ်ချင်းရဲ့မျက်နှာက ချက်ချင်းကို ထိတ်လန့်သွားပါတယ်။
အကြောင်းကတော့ သူလည်း ဗီဒီယိုကြည့်ခဲ့ရတာကိုး။
ထိတ်လန့်သွားလို့မဆုံးခင်မှာပဲ လေယာဉ်စက်ချို့ယွင်းသလိုဖြစ်လာကာ တီဗီထဲက Samara
ထွက်လာပြီး လေယာဉ်ပျက်ကျသွားပါတော့တယ်။
ဒီလိုနဲ့ နောက်နှစ်နှစ်ကြာတော့ ပစ္စည်းအဟောင်းတွေ ရောင်းတဲ့နေရာကနေ လေယာဉ်ပေါ်က
ကောင်လေးရဲ့အောက်စက်ကို ကောလိပ်ပရော ဖက်ဆာတစ်ယောက်ဖြစ်တဲ့ Gabriel က ဝယ်သွားပြီး
အိမ်ရောက်တော့ စက်ကို ပြန်ပြင်ဆင်နေရင်းနဲ့ စက်ထဲက ဗီဒီယိုတိပ်ခွေကို တွေ့သွားပါတယ်။
သူလည်း အဲဒီအခွေအကြောင်းကိုမသိဘဲ ကြည့်လိုက်မိပါတယ်။ အဲဒီအချိန်မှာပဲ
တခြားတစ်နေရာမှာတော့ ဒီဇာတ်ကားထဲက အဓိက ဇာတ်ကောင် မင်းသမီးဖြစ်တဲ့ Julia ဟာ
သူ့ရည်းစား Holt ကောလိပ်ကျောင်းသွား တော့မှာကို နှုတ်ဆက်နေပါတယ်။
နောက်လအနည်းငယ်ကြာလာတော့ Julia က Holt ဆီကနေ အဆက် အသွယ်မရလို့
စိတ်မကောင်းဖြစ်ကာ စိတ်ပူနေတဲ့အချိန်မှာပဲ တစ်ညမှာတော့ Holt ရဲ့ ကွန်ပျူတာကနေ Skype
ကနေတစ်ဆင့် သူ့ဆီကို Skye ဆိုတဲ့ ကောင်မလေးတစ်ယောက်က ထိတ်လန့်နေတဲ့အနေအထားနဲ့
ဗီဒီယို ဆက်သွယ်မှုပြုလုပ်လာပါတယ်။
Skye က Holt ဘယ်မှာလဲလို့ မေးနေရင်းနဲ့ မကြာခင်မှာပဲ လိုင်းပေါ်ကနေ ပျောက်သွားတော့
Julia တစ်ယောက် ချက်ချင်းဆိုသလို Holt ရဲ့ ကောလိပ်ကျောင်းကို လိုက်သွားပါတယ်။
အဲဒီလိုနဲ့ Gabriel နဲ့တွေ့ပြီး Holt ဘယ်မှာလဲမေးတော့ ရေရေရာရာမဖြေတဲ့ Gabriel ကို
သင်္ကာမကင်းတဲ့ Julia တစ်ယောက် Gabriel နောက် လိုက်သွားရင် သီးသန့်လို ဖွဲ့စည်းထားတဲ့
နေရာတစ်ခုဆီ ရောက်သွားပါတယ်။
အဲဒီနေရာကို Gabriel က ဦးဆောင်နေတယ်လို့ ပြောလို့ရပါတယ်။ အဲဒီမှာ Gabriel နဲ့ အတင်းအကျပ်
ငိုယိုပြောနေတဲ့ Skye ကို Julia တွေ့သွားပြီး သူ့နောက်ကို လိုက်ပါတော့တယ်။
Skye ရဲ့ ကားအနားမှာ Julia က သူ့ကိုယ်သူ ဘယ်သူဆိုတာ မိတ်ဆက်ရင်း Holt ဘယ်မှာရှိလဲဆိုပြီး
မေးတဲ့အခါ Skye က Holt ဘယ်မှာလဲဆိုတာမပြောခင် ပြစရာတစ်ခုရှိတယ်ဆိုပြီး Julia ကို
သူ့အိမ် ခေါ်သွားပါတယ်။
ဒီမှာတစ်ခုပြောစရာရှိတာက Gabriel က ဗီဒီယိုကိုကြည့်လိုက်ပေမဲ့ မသေပါဘူး။ အကြောင်းကတော့
ခုနစ်ရက်အတွင်းမှာ တခြားသူတစ်ယောက်ယောက်ကို အဲဒီဗီဒီယိုပြလိုက်တဲ့အခါ ကိုယ့်ရဲ့သေဘေးက
အဲဒီလူဆီရောက် သွားလို့ပါပဲ။
ဒီတော့ Gabriel က စမ်းသပ်မှုထဲ Holt နဲ့ Skye တို့ ဆင်းသက်ခဲ့ရပြီး ခုနစ်ရက်အတွင်းမှာ
တခြားသူတစ်ယောက်ကိုရှာပြီး ဗီဒီယိုမပြနိုင်ဘူးဆိုရင်တော့ သူတို့ သေကြရတော့မှာပါ။
ဒါကြောင့်မို့ အကြောင်းစုံမသိသေးတဲ့ Julia ကို Skye က သူ့သေဘေးကနေ လွတ်မြောက်အောင်
ဗီဒီယိုပြဖို့အတွက် သူ့အိမ်ကို ခေါ်လာခဲ့တာပါ။
ဒါပေမဲ့ သူတို့နှစ်ယောက် အိမ်ရောက်တဲ့အချိန်မှာ ခုနစ်ရက်ပြည့်ဖို့ မိနစ်အနည်းငယ်ပဲ
လိုတော့တာကြောင့် Skye တစ်ယောက် ထိတ်ထိတ်ပျာပျာ ဖြစ်ရပါတော့တယ်။
ဗီဒီယိုကိုပြဖို့ ကွန်ပျူတာထဲမှာ နောက်ထပ်ဗီဒီယိုတစ်ခု ကော်ပီပွားနေချိန်မှာ Julia တစ်ယောက်
Skye ရဲ့ဖုန်းကနေတစ်ဆင့် Holt နဲ့ အဆက်အသွယ်ပြန်ရခဲ့ပြီး Skye ပြမယ့် ဗီဒီယိုကိုမကြည့်ဖို့
Holt က သတိပေးလိုက်ပါတော့တယ်။
သူ့ရဲ့ဖုန်းသုံးနေတာကို Skye တစ်ယောက်မြင်တော့ ဖုန်းကိုပြန်ယူတဲ့အခါ Julia နဲ့
အလုအယက်ဖြစ်ရင်း Julia တစ်ယောက် တွေ့တဲ့ အခန်းထဲဝင်ပြီး အထဲကနေ လော့ခ်ချလိုက်ပါတယ်။
မကြာပါဘူး။ တီဗီထဲက Samara ထွက်လာပြီး Skye လည်း သေပွဲဝင်ရပါတော့တယ်။
အဲဒီအချိန်မှာပဲ Holt ရောက်လာတာမို့ Julia နဲ့ ပြန်ဆုံကြပါတော့တယ်။ Holt က Julia ကို
အကြောင်းစုံရှင်းပြရင်း သူ့အတွက် ဗီဒီယိုကို မကြည့်ဖို့ပြောပေမဲ့ ညဘက်ရောက်တော့
ဗီဒီယိုကြည့်တာ ခုနစ်ရက်ပြည့်ဖို့ နီးနေတဲ့ ချစ်သူကို ကယ်ချင်တဲ့ စိတ်ကြောင့် Julia တစ်ယောက်
ကြည့်လိုက်ပါတော့တယ်။
ထုံးစံအတိုင်း ဖုန်းမြည်လာပြီး ကိုင်လိုက်တော့ ကောင်မလေး တစ်ယောက် “Seven Days” လို့
ပြောတဲ့အသံအပြီးမှာပဲ အမြင်တစ်ခု ဝင်လာပြီး အမြင်ထဲက တံခါးလက်ကိုင်ကို ဖွင့်ဖို့ကြိုးစားရင်း
သူ့ရဲ့လက်မှာ ဒဏ်ရာလို အမှတ်တစ်ခု ရသွားခဲ့ပါတယ်။
နောက် Gabriel ဆီမှာ နှစ်ယောက်သား အကူအညီသွားတောင်းကြရင်း Julia ကို ကယ်ဖို့
တခြားသူတစ်ယောက်ကို ဗီဒီယိုပြဖို့အတွက် ကွန်ပျူတာမှာ ဗီဒီယိုကို ကော်ပီပွားခိုင်းတဲ့အခါမှာ
Julia ရဲ့ဗီဒီယိုဖိုင်က အရင်က ဗီဒီယိုဖိုင်တွေထက် ဖိုင်ဆိုက်ကြီးနေတာကို သိလိုက်ရပြီး ဗီဒီယိုထဲမှာ
နောက်ထပ်ပိုတိုးလာတဲ့ ဗီဒီယိုအပိုင်းတွေကို Julia တစ်ယောက်ကြည့်ပြီး သဲလွန်စတစ်ခုကို
သူတို့ ရသွားကြပါတယ်။
နောက်ပိုင်း ဘယ်လိုဆက်ဖြစ်မလဲ ဆိုတာကိုတော့ အဖြေရှာကြည့်ကြပါလို့။
Leave a Reply