Money Heist (Netflix)
Netflix ရဲ့ အကောင်းဆုံးစီးရီးလို့ ပြောလိုက်ရင် ဘာကို ပြေးမြင်ကြသလဲ?
Admin ကတော့ တစ်ခုတည်း လုံးဝမရွေးနိုင်ဘူး
နိုင်ငံအလိုက်ခွဲပြီး အမေရိကန်ဆို Stranger things နဲ့ အင်္ဂလန်ဆို Black Mirror ကိုရီးယားဆို Kingdom လို့ဆိုရလိမ့်မယ်
အခုတော့ စပိန်ဆို La casa de Papel (Money Heist) ပါ ထပ်ထည့်ရတော့မယ်
(La casa de Papel) The paper house ဆိုတဲ့စကားကို admin တော့ အတော်သဘောကျတယ်
ပိုက်ဆံဆိုတာ တကယ်တမ်းတော့ လူတွေက ကုန်ပစ္စည်းတွေနဲ့ လဲလှယ်ဖို့ တန်ဖိုးကပ်ထားတဲ့ စက္ကူတစ်ရွက်ပဲ
ဘဏ်ဆိုတာ အဲ့ဒီစက္ကူတွေရဲ့ အိမ်ပေါ့
စက္ကူကနေ တဖြည်းဖြည်း လူတွေအတွက် ဒုတိယဘုရားသခင်ဖြစ်လာခဲ့တဲ့ ပိုက်ဆံ။
Black mirror ထဲက Ashley ဆိုခဲ့သလို
God money I’ll do anything for you.
God money just tell me what you want me to
God money nail me up against the wall
ဒီစီးရီးက ကြည့်ဖူးသမျှ စပိန်စီးရီးတွေထဲမှာ အကောင်းဆုံးပါပဲ (ဘယ်နှစ်ခု ကြည့်ဖူးလဲ မမေးနဲ့။ ဒီတစ်ခုထဲ ကြည့်ဖူးတာ 😂 )
Heist genre ထဲကမှ ဘဏ်ဓားပြတိုက်တယ်ဆိုတာ လူတိုင်းရဲ့ deep and dark fantasy ဖြစ်မယ်ထင်ပါတယ်
ဒါပေမယ့် ဘဏ်ဓားပြတိုက်တာက ကာဗာ
သက်သက်ဖြစ်ပြီး သူတို့ရဲ့ အဓိက အကြံကတော့ …
သူတို့အဖွဲ့ရဲ့ Mastermind ကြီး Professor ပြောသလိုပဲ ငါတို့က ဘယ်သူ့ပိုက်ဆံမှ မခိုးဘူး။ ဒီကိစ္စကြားရင် လူတိုင်းက ငါ ဒါမျိုး ဘာလို့ မတွေးမိပါလိမ့်ဆိုပြီး ဖြစ်ကြလိမ့်မယ်တဲ့
… Royal Mint of Spain (ဒင်္ဂါးစက်ရုံ ခေါ်မလား အခုခေတ်တော့ ငွေစက္ကူထုတ်တဲ့ စက်ရုံပေါ့) ကို ဝင်စီးပြီး ဓားစာခံ 67 ယောက်နဲ့အတူ ဓားပြ ရှစ်ယောက်က ပိုက်ဆံရိုက်ထုတ်မယ် ပြီးရင် အောက်ကနေ လှိုဏ်ခေါင်းဖောက်ပြီး ပြေးဖို့ကြံတာပါ
သူတို့တကယ်ခိုးရတာက ရဲတွေရဲ့ အချိန်ပါ။ သူတို့ကို ဝင်မစီးဘဲ ပိုကြာကြာထားလေ သူတို့ ငွေစက္ကူများများရိုက်ထုတ်နိုင်လေပေါ့။ သူတို့ရဲ့ ရည်မှန်းချက်က ယူရို 2.4 ဘီလီယံ ဖြစ်ပြီး ဆယ်ရက်လောက်ထိ နေခွင့်ရမှ ဖြစ်မှာပါ
Professor လို့ သူ့ကိုယ်သူ ခေါ်သူတစ်ယောက်ဟာ လုံးဝ clean slate ဆိုတဲ့အတိုင်း နောက်ကြောင်း ရှင်းတယ်။ ghost bird လို့ဆိုရလောက်အောင် သူနဲ့ဆိုင်တာ ဘာဆိုဘာမှ အစိုးရစာရွက်စာတမ်းတွေထဲမှာ မရှိဘူး။
ဒီလိုလူက ဘာမှ ဆုံးရှုံးစရာ မရှိတော့တဲ့၊ သေမထူး နေမထူး ရာဇဝတ်ကောင် ရှစ်ယောက်ကို သေမြေကြီး ရှင်ရွှေထီး ဖြစ်ကြဖို့ လိုက်စည်းရုံးတာပေါ့။ သူ့အတွက်တော့ ပိုက်ဆံထက် သူ့အဖေ စိတ်ကူးခဲ့တဲ့ ဒီအိပ်မက်အကောင်အထည်ပေါ်ဖို့က ပိုအရေးကြီးတယ်
Professor က သူ တစ်သက်လုံး အချိန်ယူပြီး ကြံခဲ့တဲ့ အစီအစဉ်အသေးစိတ်ကို ငါးလအတွင်းမှာ သင်ပေးတယ်။
တကယ်အကောင်အထည် ဖော်ချိန်ရောက်တော့ Professor က အပြင်မှာပဲ ရှိနေပေမယ့် သူ့ခမျာလည်း တောက်လျှောက် လှုပ်ရှားနေရတာ
ငါးလအတွင်း အချင်းချင်း ကိုယ်ရေးကိုယ်တာ ကိစ္စ လုံးဝမပြောကြေး။ နာမည်တောင် မသိကြဘူး။ မြို့နာမည်တွေပဲ ခေါ်ကြတာ
ဇာတ်လမ်းကို ပိုပြီး အရသာရှိရှိ ကြည့်ချင်ရင် Berlin, Denver, Helsinski, Moscow,
Nairobi, Oslo, Rio, Tokyo မြို့ရှစ်မြို့ထဲက တစ်ခုရွေး role-play လို game character လိုမျိုး အဲ့ဇာတ်ကောင်က ကိုယ်ပေါ့။ ကိုယ့်ဇာတ်ကောင်က ဇာတ်လမ်းတစ်လျှောက် ဘာတွေလုပ်မလဲ? အဆုံးထိ အသက်ရှင်ပါ့မလား? ခန့်မှန်းရင်း ကြည့်ရင် ပိုပျော်ဖို့ကောင်းမယ်ထင်တာပဲ ဘောလုံးပွဲတွေလည်း တစ်ဖက်ဖက်ကို အားပေးမှ ပိုကြည့်ပျော်တာလေ
ရွေးပြီးပြီလား? ဇာတ်လမ်းအကြောင်း ဆက်ပြောကြတာပေါ့
Professor က သူတို့ရှစ်ဦးကြောင့် ရဲ၊ ဓားစာခံ ဘယ်သူမှ မသေစေဖို့ကို ထပ်တလဲလဲမှာတယ်
မတော်လို့သေသွားခဲ့ရင် သူတို့ဘဝအတွက် မီးနီ ဖြတ်ပြီးသွားသလို လူထုရဲ့ သနားဂရုဏာကိုလည်း ဆုံးရှုံးသွားမှာတဲ့
သေနတ်အစစ်တွေ ကျည်ဆန်အစစ်တွေနဲ့ တကယ့် အဖြစ်အပျက်က သူတို့ကြိုဇာတ်တိုက် လေ့ကျင့်ထားတာတွေနဲ့ အကွာကြီး ကွာတာပေါ့
ပြီးပြည့်စုံတဲ့ သီအိုရီတစ်ခုကို သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ လူတွေ အကောင်အထည်ဖော်ကြတဲ့အခါ သူတို့ရဲ့ ခံစားချက်တွေကြောင့် မှားယွင်းသွားနိုင်သလို ဒီခံစားချက်တွေကြောင့်ပဲ တည့်မတ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်
ဒီဇာတ်လမ်းရဲ့ နောက်ကြောင်းပြန်သူ အမျိုးသမီးဇာတ်ကောင် Tokyo ပြောသလိုပေါ့။ အချစ်က အရာအားလုံးမှားယွင်းသွားဖို့ အကြောင်းပြချက်ကောင်းတစ်ခုပဲတဲ့။
Good guy တွေ Bad guy ဖြစ်သွားရင် ဘယ်အခြေအနေအထိ အန္တရာယ်ကြီးနိုင်လဲဆိုတာရဲ့ ပြယုဂ် Professor
အရမ်း သွေးဆူလွယ် ဘာကိုမှ မစဉ်းမစား လုပ်တတ်တဲ့ Tokyo နဲ့ သူရဲ့အားနည်းချက်၊ အဖွဲ့ရဲ့ ပျော့ကွက်လို့ ဆိုရမယ့် Rio ကြားက မနဲ့မောင်အချစ်ဇာတ်လမ်း
ရှေ့ထွက် လူဆိုးခေါင်းဆောင် ရုပ်ချော အပြောကောင်းတဲ့ ကိုလူလည် Berlin
အသက်ငယ်ပေမယ့် စေ့စပ် ရင့်ကျက်တဲ့ Nairobi ရဲ့ အစီအစဉ်အပေါ် သစ္စာရှိမှု
ပျော်ပျော်နေတတ်ပြီး လူသားဆန်လွန်းတဲ့ သားအဖ Moscow နဲ့ Denver
ဘယ်သူခေါင်းဆောင်ဆောင် နောက်လိုက်လုပ်ဖို့ အဆင်သင့်ရှိနေတဲ့ Helsinski နဲ့ Oslo ညီအကို
ဒီလူရှစ်ယောက်အပြင်
သူတို့နဲ့ ဉာဏ်ချင်းယှဉ် ညှိနှိုင်းရေးလုပ်မယ့် ရဲမေအရာရှိ Raquel,
ဓားစာခံတွေထဲကဆို
တစ်ကိုယ်ကောင်းဆန်သူ ဘဏ်မန်နေဂျာ Arturo,
သူ့ရဲ့ တိတ်တိတ်ပုန်းနဲ့ အတွင်းရေးမှူးမလေး Monica,
အင်္ဂလန်သံအမတ်ရဲ့ သမီး Alison တို့အပြင် တခြားဇာတ်ကောင်တွေ အများကြီး ပါဝင်ပါတယ်။
ဒါ Admin ကြည့်ပြီးတဲ့ S 2 အထိပဲ ရှိသေးတယ်
သရုပ်ဆောင်အားလုံးရဲ့ ဇာတ်ကောင်အပေါ် တာဝန်ကျေမှုကလည်း ဇာတ်လမ်းကို ပို ရုပ်လုံးကြွစေခဲ့တယ်
ဒီစီးရီးရဲ့ music ပိုင်းကိုလည်း အမှတ်အများကြီး ပေးရမှာပါပဲ။ Theme song ဖြစ်တဲ့ my life is going on နဲ့ အီတလီ ဖက်ဆစ်တော်လှန်ရေး သီချင်း Bella Ciao တို့ အရမ်း ပေါက်သွားတဲ့အပြင် suspense BGM ကို သူ့နေရာနဲ့သူ ကိုက်အောင် ထည့်ထားတာ မိုက်ပါတယ်
Leave a Reply