ခုတလော ညဘက်တွေ မိုးဆက်တိုက်ရွာပေးနေတော့ ပရိသတ်တို့အတွက် မိုးအေးအေးမှာ ကွေး၊ ဝီစကီလေးတစ်ခွက်နဲ့ နောက်ဆုံးအပိုင်း နောက်ဆုံးမိနစ်အထိကို မြုပ်ကွက်တွေ လျှို့ဝှက်ချက်တွေ မထင်မှတ်ထားတာတွေ အပြည့်အသိပ်ထည့်ထားတဲ့ Thriller Serie လေးတစ်ခုနဲ့ မိတ်ဆက်ပေးမယ်။ (နောက်တာ ကော်ဖီပဲသောက်နော် xD)
ဝင်ရိုးစွန်းတွေကို သွားချင်တဲ့သူတွေရှိလား။ ဝင်ရိုးစွန်းလို့ ကြားလိုက်တာနဲ့ ဘာကိုပြေးမြင်ကြလဲ။ ကျွန်တော်ကတော့ ဖြူဖြူဖွေးဖွေးနှင်းခဲတွေရယ် အရမ်းအေးလှတဲ့ ရာသီဥတုဆိုတာပဲ။ အခု ကျွန်တော်ပြောပြပေးချင်တဲ့ Series ကတော့ June 12 နေ့မှာ ထွက်ရှိထားတဲ့ The Head ဆိုတဲ့ Mystery Thriller Series လေးပဲ ဖြစ်ပါတယ်။ အပိုင်းအနေနဲ့ဆိုရင် ၆ ပိုင်းပဲ ရှိပါတယ်။ ဇာတ်လမ်းအကျဥ်းလေးအကြောင်းသွားရအောင်။
ဇာတ်လမ်းအကျဥ်းလေးကတော့ Winterers လို့ အမည်ရတဲ့ အဖွဲ့လေးတစ်ဖွဲ့ရှိတယ်။ သူတို့ အဖွဲ့ကတောင်ဝင်ရိုးစွန်းက Polaris VI Antarctic Research Station မှာ Research လုပ်နေပြီးတော့ တောင်ဝင်ရိုးစွန်းမှာ ဆောင်းဝင်တဲ့အချိန်နဲ့သွားတိုက်ဆိုင်ပါတယ်။ ဝင်ရိုးစွန်းဆိုတဲ့အတိုင်း ဒီလောက်အေးနေတာကို ဆောင်းပါဝင်တဲ့အချိန်မှာ ဒီလူသားတွေ ဘယ်ခံနိုင်ကြပါ့မလဲ။ ဒါပေမဲ့လဲ သူတို့ရဲ့ Research လုပ်ငန်းကို အထိအခိုက်မခံနိုင်ကြတဲ့ Winterers တို့က ရာသီဥတုအပြောင်းအလဲကို အံတုပြီး နာမည်ကြီးဇီဝပညာရှင် Arthur Wilde ရဲ့ ခေါင်းဆောင်မှုအောက်မှာဆက်ရှိနေကြပါတယ်။
ဒါပေမဲ့ နွေဦးရာသီရောက်တဲ့အချိန်မှာတော့ ခေါင်းဆောင်တွေ အပြောင်းအလဲလုပ်ရပါတယ်။ အဲ့ဒါကြောင့် Johan Berg က Station ကိုပြန်လာပြီးတော့ အခြေအနေကိုကြည့်တဲ့အခါ လူတွေလည်း ပျောက်နေသလို၊ အသက်ရှင်ကျန်တဲ့သူတွေရှိပေမယ့် သေဆုံးနေတဲ့သူတွေကိုလည်း တွေ့လိုက်ရပါတယ်။ သေဆုံးသွားတာကလည်း လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေပြီး ပျောက်ဆုံးနေတဲ့သူတွေထဲမှာလည်း Johan ရဲ့ အမျိုးသမီးပါ ပါနေတဲ့အခါမှာတော့ Johan တစ်ယောက် ရဲတွေအလာကိုတောင် မစောင့်နိုင်တော့ပဲ အသက်ရှင်ကျန်တဲ့ သူတွေကို မေးမြန်းစရာရှိတာမေးမြန်းပြီး ပျောက်ဆုံးနေတဲ့ သူ့အမျိုးသမီးကို ပြန်ရှာတွေ့ရဖို့ကိုကြိုးစားပါတော့တယ်…..
သရုပ်ဆောင်တွေ အနေနဲ့ကတော့ Arthur Wilde အဖြစ်နဲ့ မင်းသားကြီး John Lynch က ဦးဆောင်ပါဝင်ထားပါတယ်။ John Lynch ဟာဆိုရင် 1995 ခုနှစ်ကထွက်ရှိခဲ့တဲ့ Angel Baby ဇာတ်ကားနဲ့ အကောင်းဆုံးမင်းသားဆုကို AFI Award ကနေရရှိထားသူဖြစ်ပြီး တခြားနာမည်ကြီးရုပ်ရှင်တွေအနေနဲ့ Sliding Doors The Secret Garden တို့မှာလဲ သရုပ်ဆောင်ထားပါတယ်။
နောက်တစ်ယောက်ကတော့ Money Heist လို့ပြောလိုက်တာနဲ့ အများစုပြေးမြင်ကြမဲ့ မျက်မှန်နဲ့ဆရာကြီး Professor ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် Alvaro Morte အနေနဲ့ကတော့ ဒီကားမှာ Ramon ဆိုတဲ့ လူနေရာမှာ သရုပ်ဆောင်ထားပါတယ်။ နောက်တစ်ယောက်အနေနဲ့ကတော့ ဂျပန်မင်းသား Tomohisa Yamashita ဖြစ်ပါတယ်။ Tomohisa ကတော့ Close Range Love ဆိုတဲ့ ဂျပန်မန်ဂါကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်မှာ မင်းသမီးချော Nana Komatsu နဲ့ ရိုက်ကူးထားပါသေးတယ်။ Tomoshisa ကတော့ ဒီဇာတ်လမ်းမှာ Aki Kobayashi အနေနဲ့ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်းလေးလဲပြီးပြီ သရုပ်ဆောင်တွေနဲ့လဲ မိတ်ဆက်ပြီးပြီဆိုတော့ စကားနည်းနည်းလေးပဲထပ်ပြောပါတော့မယ်။ အန္တာတိကတိုက်က Sci-fi horror ဇာတ်ကား The Thing လိုပဲ The Head TvSeries ကလဲ လူအများရဲ့ အားပေးမှုကို ခံနေရပြီးတော့ တစ်ပိုင်းပြီးတစ်ပိုင်းကို ဆွဲခေါ်သွားမှာပါ။ နောက်ခံသီချင်းကတော့ ဒီ Series ရဲ့ အသက်ပဲဖြစ်ပြီး နောက်ဘာဆက်ဖြစ်မှာလဲဆိုတဲ့ မေးခွန်းကို ထပ်ခါထပ်ခါပြန်မေးမိနေတဲ့ Tv Series လေးပဲဖြစ်ပါတယ်။ IMDb မှာလဲ 6.9 အထိရထားတဲ့အတွက် Mystery Series ကောင်းကောင်းလေးကို မကြည့်လိုက်ရဘူးဆိုတာမျိုးမဖြစ်အောင် တင်ဆက်ပေးလိုက်ပါတယ်။
Leave a Reply