Kaili Blues (2015)
==============
IMDb Rating – 7.3/10
#Unicode
ခိုင်လိမြို့၏ ပြာရီမှုန်ဝေခြင်းများ
မြို့ကြီးပေါ်ပဲမွေးမွေး မြို့လေးပေါ်ပဲမွေးမွေး ဇနပုဒ်ကလေးမှာပဲမွေးမွေး အချိန်တစ်ခုရောက်လာရင်တော့ . . .
ပြန်မရတော့တဲ့ အသက်အရွယ်က ပြန်မရတော့တဲ့ အမှတ်တရတွေရှိနေတဲ့ ကိုယ့်မြို့ကလေးကို ချစ်တဲ့စိတ်က
အားလုံးရဲ့ ရင်မှာအမြစ်တွယ်နေကြမှာပါပဲ။အဆောက်အဦးအဟောင်းတွေဖြို အသစ်တွေဆောက်ကြလို့
ပုံသဏ္ဍာန်တွေသာပြောင်းသွားကြပေမယ့် ကျွန်တော်တို့ရဲ့မြို့တွေမှာ ကျွန်တော်တို့ မမှတ်မိနိုင်စရာ အမှတ်တရဆိုတာ
မရှိပါဘူး။ အမှတ်တရဆိုတာ ရုပ်၀တ္တုတွေပေါ်မှာမှ မတည်ခဲ့ပဲကို။ ခိုင်လိမြို့ရဲ့ပြာရီမှုန်ဝေခြင်းများဟာ ကျွန်တော်တို့
မြို့တွေအကြောင်းတော့မဟုတ်ဘူး။ ပိုင်ကန်ရဲ့ ဇာတိမြေ ခိုင်လိမြို့ကလေးအကြောင်း။ အပြင်လောကမှာတော့
ခိုင်လိဟာ သူ့ဒေသရဲ့ မြို့တော်ကြီးပဲ ဒါပေမယ့် ပိုင်ကန်ရဲ့ရင်ထဲမှာတော့ သူချစ်တဲ့မြို့ကလေး သက်သက်။ သူ့မြို့ကလေး
ပေါ် သူချစ်တဲ့အချစ်ဟာ ကျွန်တော်တို့မြို့ကလေးကို ကျွန်တော်တို့ချစ်တဲ့အချစ်နဲ့တူတာမို့ ကျွန်တော်တို့နားလည်
နိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာ ဒီမြို့ကလေးမှာ ရှိနေတဲ့လှပတဲ့အရာတွေကို အခမ်းနားဆုံးပြသွားတာဆိုလို့ အိမ်တွေဘေးက
ရေတံခွန်လေးကလေးပဲရှိမယ်။ အလှတရားဟာ အသွင်သဏ္ဍာန်၌ မတည်ပြီကိုး။
ခိုင်လိမြိုရဲ့ ပြာရီမှုန်ဝေခြင်းများထဲ စီးမျောကြည့်ရင် ပုံရိပ်တွေ၊ ကဗျာတွေ၊ဘ၀တွေဟာ ဝေဝေဝါးဝါးပဲ စီးမျောလာကြတယ်။
လူနှစ်ယောက်ပြောတဲ့ စကားတွေကြားမှာ အစကတော့ သူတို့ရဲ့ အတိတ်ဟာ ဝိုးတိုးဝါးတား။ ကင်မရာရိုက်ချက်ရှည်တွေကလည်း
သူတို့လမ်းသူတို့ လျှောက်ကြရင်း အဲ့ဒီစကားပြောနေတဲ့ လူတွေကို အဖက်မလုပ်ကြဘူး။ဒါပေမယ့်။စကားလုံးပေါင်းများစွာကို
စုစည်းပြီးတဲ့အခါမှာ ဒီလူတွေကို နားလည်လာရတယ်။ ဒီလိုတည်ဆောက်ထားတဲ့ ခိုင်လိမြို့၏ပြာရီမှုန်ဝေခြင်းတွေ။ အင်္ကျီဖြူဖြူ
စကတ်အဝါလေးနဲ့ ကောင်မလေးတစ်ယောက်ဟာ စကားဆယ်ခွန်းလောက်ပြောပြီး ခိုင်လိကို အိပ်မက်မက်။ ဆုံးရှုံးမှုကို မခံရပ်နိုင်တဲ့
လူတွေဟာ ကျောခိုင်း။ တစ်ချို့ကလည်း သူများခြေထောက်ဟာ ကိုယ့်ဖိနပ်လောက်မှ အရေးမပါ။ ခိုင်လိရဲ့ ပြန်ဆည်လို့မရတဲ့ ရေ
ပြင်ထဲမှာ ဖိနပ်တစ်ရန် ဘောလုံးတစ်လုံး။ အိမ်မျက်နှာကျက်မှာချိတ်ထားတဲ့ အမှတ်တရဟာ စက်လုံးတစ်လုံး။လေရဟတ်ကလေးရဲ့
သက်တမ်းဟာ စက္ကန့်ကိုးဆယ့်ကိုး ဒါပေမယ့် အရေးကြီးတာက ပိုင်ရှင်ကောင်မလေး ဘယ်လောက်ပျော်ခဲ့ရလဲ။ပြန်လာရမယ့် လူတစ်
ယောက်ဖြစ်ဖို့ ဝါးခြင်းတောင်းအလွတ်ထဲ ချစ်ခြင်းအပြည့်ဖြည့်ပေးရမယ်။ ကန့်သတ်ချက်တစ်ခုရှိတယ်။ ဒီလိုနဲ့ လူတွေဟာ လမ်းအရှည်
ကြီးကို တမေ့တမောသွားကာနေ။ ဓာတ်ပုံဟာ လူရဲ့ ဝိညာဉ်ကို ခိုးယူသွားခြင်းတဲ့ ဓာတ်ပုံတစ်ပုံရဲ့ ဖြစ်တည်ခြင်းဟာ ဝိညာဉ်ကို
ခိုးထားတဲ့ ဖလင်တစ်ကွက်နဲ့ ဓာတုသားတို့ရဲ့အမှောင်ခန်းအတွင်း ပြန်လည်ပေါင်းစည်းမှုဖြစ်တယ်။ ဒီလိုနဲ့ ခိုင်လိမြို့၏ ပြာရီမှုန်
ဝေခြင်းများဟာ ခိုင်လိမြို့ရဲ့ဝိညာဉ်ပေါင်များစွာကို ခိုးကာယူကာ ကျွန်တော်တို့ရင်ထဲထည့်ပေးခဲ့တယ် ။
စာကြွင်း
======
ပိုစတာမှာ အင်္ကျီအဖြူ အဝါရောင်စကတ်နဲ့ မိန်းမငယ်လေး
ပုံပြထားတော့ ဒီဇာတ်ကြောင်းဟာ သူ့အကြောင်းဖြစ်မယ်
ကျွန်တော်ထင်ခဲ့မိသေးတယ်။ တကယ်တမ်းကျ
အဲ့ဒီမိန်ကလေးက ဒီရုပ်ရှင်မှာ ဇာတ်အိမ်အရေးပါမှုအရ
ပြောရမယ်ဆိုရင် ဖြတ်လျှောက်ထက်တစ်ရည်ပဲပိုမယ်။
ရုပ်ရည်ကလည်း ကြည့်ကောင်းရုံကလွဲ ဘာမှတော့
ထူးခြားမနေဘူး။ ဒီလိုMain Plotနဲ့ ဆက်စပ်မှု
အရမ်းနည်းတဲ့ဇာတ်ရုပ်ကို ပိုင်ကန်က အ၀တ်အစား
အရောင်အသွေးတွဲစပ်မှုနဲ့ ဟန်တစ်ခုသွင်းပြီး
စွဲညိစေလိုက်တယ်။ ပြောရမယ်ဆို
ပို့စ်မော်ဒန်၀တ္တုစာအုပ်ထဲက ကဗျာတစ်ကြောင်းကို
စွဲညိစေလိုက်သလိုပေါ့။ သူ့ရဲ့ ပထမဆုံးရုပ်ရှင်မှာတင်
အနုပညာမှော်၀င်လွန်းတဲ့ ပိုင်ကန်ကို
တရုတ်ရုပ်ရှင်ရဲ့အနာဂတ်လို့ပြောကြတာ လွန်မယ်မထင်ဘူး။
Leave a Reply